Services

အရိုးပွရောဂါကို တိုင်းတာသော DEXA SCAN

Dexa Scan (ဒတ်ဇာစကန်) ကို အရိုးများ၏ သိပ်သည်းမှု (density) တိုင်းတာရာတွင် အသုံးပြုသည်။ Dexa Scan ရိုက်ခြင်းသည် ရင်ဘတ်ဓာတ်မှန် (Chest X ray), တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ကွန်ပြူတာဓာတ်မှန် (CT Scan) ရိုက်ခြင်းများကဲ့သို့ပင် နာကျင်မှုတစ်စုံတစ်ရာမရှိပါ။ အချိန်အားဖြင့် မိနစ် ၂၀ ခန့်သာ ကြာပါသည်။ ခါးနောက်ကျောပိုင်းအရိုးများ၊ တင်ပဆုံရိုးများနှင့် တစ်ခါတစ်ရံ လက်ဖျံရိုးများကို Scan ဖတ်ရပါသည်။ ၄င်းအရိုးများသည် အရိုးပွရောဂါရှိပါက ကျိုးလွယ်သောအရိုးများဖြစ်သောကြောင့် အရိုးသိပ်သည်းဆနည်းနေပြီလား? အရိုးပါးရောဂါ ရှိနေပြီလား? အရိုးပွရောဂါရှိနေပြီလား? စသည်တို့ကို Dexa Scan ရိုက်ခြင်းဖြင့် သိရှိနိုင်ပါသည်။ အရိုးပွရောဂါရှိနေပါက ခန္ဓာကိုယ်ရှိအရိုးများသည် သန်မာခြင်းမရှိတော့ဘဲ အနည်းငယ်ထိခိုက်မိရုံဖြင့် ကွဲအက်ကျိုးကြေသွားနိုင်ပါသည်။

အရိုးပွရောဂါသည် ကြိုတင်သိရှိနိုင်သော ထင်သာမြင်သာသည့် ရောဂါလက္ခဏာ ပြသလေ့မရှိပါ။ အများအားဖြင့် သာမန်ထိခိုက်မိ၊ ချော်လဲမိ၍ အလွယ်တကူ အရိုးကျိုးသောအခါမှသာ အရိုးပွရောဂါရှိကြောင်း သိရှိတတ်ကြပါသည်။ Dexa Scan ရိုက်၍ ကျန်းမာရေး စစ်ဆေးခြင်းအားဖြင့် အရိုးပွရောဂါရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်တို့ကို ကြိုတင်သိရှိနိုင်ပြီး ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်းအားဖြင့် မလိုအပ်ဘဲ အရိုးကျိုးခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
          အရိုးပွရောဂါဖြစ်ပါက အလွန်တရာ သိသာမြင်သာသည့် ရောဂါလက္ခဏာများ မရှိသော်လည်း အောက်ပါ အခြေအနေများသည် အရိုးပွရောဂါဖြစ်နိုင်ခြေ မြင့်မားသောအခြေအနေများဖြစ်ပါသည်။
          (၁) သာမန်၊ မပြင်းထန်သော ထိခိုက်မှုများကြောင့် အရိုးကျိုးခြင်း
          (၂) အသက် (၅၀) ကျော်ခြင်း
          (၃) အမျိုးသမီးများတွင် အသက် (၄၅) နှစ်မတိုင်မီ သွေးဆုံးခြင်း
          (၄) ကော်တီကိုစတီးရွိုက် (Corticosteriod)ဆေးဝါးများ ရေရှည်သုံးစွဲနေရသူ ဖြစ်ခြင်း
          (၅) မိဘမျိုးရိုးအတွင်း အရိုးပွရောဂါကြောင့် အရိုးကျိုးဖူးသူရှိခြင်း
          (၆) ခန္ဓာကိုယ်အတွင်း Calcium နှင့် Vitamin ဓာတ်များချို့တဲ့ခြင်း
          သင့်တွင် အရိုးပွရောဂါ ဖြစ်နိုင်ခြေတစ်ခုခုရှိပါက Dexa Scan ရိုက်ကြည့်ခြင်းဖြင့် အရိုးပွရောဂါရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်ကို တိတိကျကျ သေသေချာချာ သိရှိနိုင်ပါသည်။
          Dexa Scan ရိုက်ခြင်းဖြင့် ရရှိလာသော ရလဒ်များကို T-score ဖြင့် အဖြေထုတ်ပေးပါသည်။ T-score သည် Dexa Scan ရိုက်သူ၏ အရိုးသိပ်သည်းဆနှင့် ကျန်းမာသောသူ၏ အရိုးသိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြချက်ဖြစ်ပါသည်။
          T-score ရလဒ်များ၏ အဓိပ္ပာယ်မှာ - T-score သည်
          ၀ နှင့် -၁ ကြားဖြစ်ပါက            အရိုးပွရောဂါအန္တရာယ်မရှိပါ။
          -၁ နှင့် -၂.၅ ကြားဖြစ်ပါက        အရိုးသိပ်သည်းမှုသည် ပုံမှန်ထက်လျှော့နည်းနေပြီး
                                                မကြာမီအရိုးပွရောဂါ ဖြစ်လာနိုင်ပါသည်။ -၂.၅ ထက်နည်းပါက အရိုးပွရောဂါရှါနေပြီဖြစ်သောကြောင့် ဆရာဝန်နှင့် ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါသည်။

  အရိုးသိပ်သည်းမှုအားနည်းပြီး အရိုးပွရောဂါဖြစိနိုင်ခြေရှိပါက အရိုးများပြန်လည်သန်စွမ်းစေရန်အတွက် အောက်ပါအခြေခံအချက်များကို ပြုလုပ်သင့်ပါသည်

  • (၁) ကယ်လစီယမ်ကြွယ်ဝသော အစားအစာများစားပါ။
    ဥပမာ - နို့ နှင့်နို့ ထွက်ပစ္စည်းများ ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ

  • (၂) ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ စားပါ။ ဗီတာမင်ဒီသည် ကယ်လစီယမ်စုပ်ယူမှုတွင် မရှိမဖြစ် လိုအပ်ပါသည်။
    ဥပမာ နို့ ၊ ဥအမျိုးမျိုး ၊ ငါးကြီးဆီ။

  • (၃) အရိုးတည်ဆောက်ဖွံ့ ဖြိုးမှုကို အားပေးသောလေ့ကျင့်ခန်းများပြုလုပ်ပါ။
    ဥပမာ အေရိုးဘစ်ကစားခြင်း ၊ တင်းနစ်ရိုက်ခြင်း ၊ ကခြင်း ၊ ရေကူးခြင်း ၊ သစ်ပင်စိုက်ပျိုးခြင်း ၊ လမ်းလျှောက်ခြင်း ၊  ဂေါ့ဖ်ရိုက်ခြင်း ။

  • (၄) ဆေးလိပ်ဖြတ်ပါ။

  • (၅) အရက်ဖြတ်ပါ။

အရိုးများပြန်လည်သန်စွမ်းစေရန်အတွက် အခြေခံအချက်များကိုလိုက်နာကျင့်သုံးရမည့်အပြင် လိုအပ်သောဆေးဝါးများနှင့် အသေးစိတ်အချက်အလက် များအား တတ်ကျွမ်းနားလည်သော ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရပါမည်။

၎င်းနောက် တစ်နှစ်ခြား သို့ မဟုတ် နှစ်နှစ်ခြားခန့် တွင် Dexa Scan များရိုက်ကြည့်ခြင်းအားဖြင့် အရိုးသိပ်သည်းဆတိုးတက်လာမှု သို့ မဟုတ် လျော့နည်းသွားမှုများကို သိရှိနိုင်မည်ဖြစ်ပါသည်။