ရေယုန်ပေါက်ခြင်းနှင့်ကျန်းမာရေး
ရေယုန်ပေါက်ခြင်းသည် အသက်အရွယ် (ကျား/မ) မရွေးဖြစ်ပွားတတ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ခုခံအားစနစ် အားနည်းသူများတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ရေယုန်ဆိုသည်မှာ ခန္ဓာကိုယ် ပေါ်ရှိ အရည်ကြည်ဖုများမှတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါသည်။ ရေယုန်ဖြစ်တဲ့သူတစ်ယောက်နှင့် အသားချင်း ထိ၍ဖြစ်စေ၊ ကိုင်တွယ်ထားသော အရာဝတ္ထုပစ္စည်းများမှတစ်ဆင့်ဖြစ်စေ ကူးစက်နိုင်ပါသည်။ ရောဂါလက္ခဏာ များမှာ ယားခြင်း၊ ပူခြင်း၊ စပ်ခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်း၊ အရည်ကြည်အဖုပေါ်လာခြင်းတို့ကို ခံစားရတတ်ပါတယ်။ ရေယုန်သည် ရိုးရိုးရေယုန် Herpes Simplex နှင့် ဆင်ရေယုန် Herpes Zoster ဟူ၍နှစ်မျိုးရှိပါသည်။
📌Herpes Simplex ရိုးရိုးရေယုန်တွင် အမျိုးအစားနှစ်မျိုးရှိသည်။
👉Herpes Simplex Virus Type 1 (HSV-1)
ဤအမျိုးအစားသည် အများအားဖြင့် ခံတွင်းရေယုန်များကိုဖြစ်စေပြီး ပါးစပ်နှင့်နှုတ်ခမ်းတစ်ဝိုက်တွင် အရည်ကြည်အဖုအနာများဖြစ်ပေါ်သည့် လက္ခဏာရပ်များဖြစ်ပါသည်။
👉Herpes Simplex Virus Type 2 (HSV-2)
HSV-2 သည် အဓိကအားဖြင့် လိင်အင်္ဂါတွင်ရေယုန်များကိုဖြစ်စေပြီး လိင်အင်္ဂါနှင့် စအိုနေရာများတွင် အနာများ သို့မဟုတ် အရည်ကြည်ဖုများ ဖြစ်ပေါ်စေပါသည်။ လက္ခဏာများတွင် လိင်အင်္ဂါဧရိယာ၊ တင်ပါး သို့မဟုတ် ပေါင်အတွင်းပိုင်းတွင် အရည်ကြည်ဖုများနှင့် အနာများဖြစ်ပေါ်ပြီး နာကျင်မှုများလည်းရှိနိုင်ပါသည်။
📌Herpes Zoster ဆင်ရေယုန်(ခေါ်)ရေယုန်ခါးပတ်
ဆင်ရေယုန် (Herpes Zoster) ခေါ် Shingles ၏ထူးခြားချက်များသည် ရိုးရိုးရေယုန်နှင့်မတူဘဲ ရင်ဘက်၊ ကြော ဘက်၊ ခါးဘက်များတွင် အများဆုံးပေါက်ခြင်းဖြစ်ပါသည်။ ဆင်ရေယုန်သည် သာမာန်ရေယုန်ထက် အရွယ်အစားကြီးပြီး ကူးစက်မှုနှုန်းလည်းပိုမိုမြန်ဆန်ပါသည်။ ပေါက်သောနေရာများတွင် ပူစပ်၍တင်းနေတတ်ပြီး နာကျင်မှုလည်းပိုမိုပြင်းထန်ပါသည်။ ထို့ကြောင့်အချို့နိုင်ငံများတွင် အသက် ၆၀ ကျော်ရှိသူများကို ရေကျောက် ကာကွယ်ဆေးထိုးပေးနေခြင်းဖြစ်ပါသည်။ ထိုသို့ ထိုးပေးခြင်းဖြင့် ရေကျောက် (Chicken Pox) နှင့် ဆင်ရေယုန် (Herpes Zoster) တို့သည် (Varicella Zoster Virus) Virus အမျိုးစားချင်း ဆင်တူသောကြောင့် ဆင်ရေယုန်ကို ထိန်းချုပ်ကာကွယ်ပြီးသကဲ့သို့ဖြစ်သွားပါသည်။
👆👆👆အထက်ပါရေယုန်နှင့်ပတ်သက်သောအနာများသည် နာကျင်နိုင်ပြီး အများအားဖြင့် အဖျားတက်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ယေဘူယျနာမကျန်းဖြစ်ခြင်းစသည့် အခြားလက္ခဏာများပါ ဖြစ်တတ်ပါသည်။ ရေယုန်အနာများမပေါ်မီ ယားယံခြင်း၊ ပူလောင်ခြင်းတို့အပြင် တုပ်ကွေးကဲ့သို့ လက္ခဏာများခံစားရနိုင်သည်။ ရောဂါလက္ခဏာ အမျိုးအစား ပြင်းထန်မှုပေါ်မူတည်ပြီး ဝေဒနာခံစားမှုနှင့် ကြာမြင့်ချိန်လည်းကွဲပြားခြားနားနိုင်ပါသည်။
👉ထို့အပြင် ရေကျောက်ဖြစ်ဖူးသောလူများနှင့် ရေယုန်ဖြစ်ဖူးသောလူများတွင် ခန္ဓာကိုယ်တွင် အချိန်မရွေး ပြန်လည်ဖြစ်ပေါ် နိုင်ပါသည်။ ရေယုန်ဖြစ်ဖူးသောလူများတွင် ရောဂါသက်သာပျောက်ကင်းသွားပြီးလျှင်လည်း ၎င်းရောဂါပိုးသည် အာရုံကြောထဲတွင် ခိုကပ်နေတတ်ပြီး အချိန်မရွေးပြန်လည်ဖြစ်ပေါ်နိုင်ပါသည်။ ရေယုန်သည် ခုခံအားကျဆင်းသည့်ဝေဒနာသည်များနှင့် အသက်ကြီးရွယ်အိုများတွင်အဖြစ်များပါသည်။ ရေယုန်သည် စိတ်ဖိစီးမှုများသော အခါမျိုးတွင် ဖြစ်ပွားတတ်ပါသည်။ အများအားဖြင့်နမ်းခြင်း သို့မဟုတ် အသုံးအဆောင်များကို မျှဝေသုံးစွဲခြင်းနှင့် ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်သည်။ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
🛡🛡ရေယုန်ကိုဘယ်လိုကြိုတင်ကာကွယ်မလဲ
ရေယုန်ရောဂါသည် ဆေးများသောက်ပြီး သိပ်မထိရောက်တာရှိသလို သက်သာသွားတာလည်းရှိပါသည်။ ထို့ကြောင့်ရောဂါကို မဖြစ်အောင် ကာကွယ်သောအနေဖြင့် သက်ကြီးသောသူများအား ကာကွယ်ဆေးထိုးပေးခြင်း၊ မိမိကိုယ်ကို ကျန်းမာအောင် တစ်ကိုယ်ရည် သန့်ရှင်းမှုရှိအောင်ဂရုစိုက်ခြင်း၊ အခြားသူ၏ အဝတ်အစားများအား လဲလှယ်ဝတ်ဆင်ခြင်းအား တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွါးနေသူနှင့် လိင်ဆက်ဆံထိတွေ့မှုများ ကို ရှောင်ကြဉ်ခြင်းတိုဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။
🔬💉💊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း။ (Diagnosis and Treatment)
🔬ရောဂါရှာဖွေခြင်း– ရေယုန်သည် ပုံမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုမှတစ်ဆင့် ရောဂါအမည်တပ်နိုင်ပြီး (PCR) စစ်ဆေးခြင်း သို့မဟုတ် သွေးစစ်ဆေးမှုကဲ့သို့သော ဓာတ်ခွဲခန်းစစ်ဆေးမှုများသည် ရိုးရိုးရေယုန် (HSV-1, HSV-2) သို့မဟုတ် ဆင်ရေယုန် (Varicella Zoster Virus) ရှိနေကြောင်း အတည်ပြုနိုင်ပါသည်။
💉💊ကုသခြင်း– ရေယုန်အတွက် ကုသဆေးမရှိသော်လည်း၊ acyclovir, valacyclovir နှင့် famciclovir ကဲ့သို့ သောဆေးများသည် ရောဂါဖြစ်ပွားမှု၏ ပြင်းထန်မှုလျှော့ချရန် ကူညီပေးပြီး ရောဂါဖြစ်ပွါးမှု အခြေအနေကို လျှော့ချပေးနိုင်ပါသည်။
😲ရှားရှားပါးပါး ကိစ္စများတွင် ရေယုန်သည် ဦးနှောက်ရောင်ခြင်း သို့မဟုတ် ဦးနှောက်အမြှေးရောင်ခြင်းကဲ့သို့ ပိုမိုပြင်းထန်သော နောက်ဆက်တွဲများကိုဖြစ်စေနိုင်ပါသည်။ မွေးကင်းစကလေးများ ဗိုင်းရပ်စ်ကူးစက်ခံရသောအခါတွင် ပိုမိုပြင်းထန်နိုင်ပြီး ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ရေယုန်ရောဂါခံစားရပါက သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်ကုသသင့်ပါကြောင်း ရေယုန်နှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါသည် ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
☎Phone 01-2300502 to 01-2300530 / Ext: 4001, 4002, 4010
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com
🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
#Herpes #HerpesZoster #herpessimplex #diagnosisandtreatment #Bahosihospital