သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် လူကြီး၊ လူငယ်၊ ကျားမ အသက်အရွယ်မရွေး အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်ပြီး ကြာလာသည်နှင့်အမျှ နှလုံး၊ အဆုတ်၊ မျက်စိ၊ ဦးနှောက်နှင့် ကျောက်ကပ်ကဲ့သို့သော အင်္ဂါများကို ထိခိုက်ပျက်စီးစေပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ပါသည်။ သွေးတိုးရောဂါရှိသူအများစုသည် ရောဂါလက္ခဏာမပြသော်လည်း အချို့မှာ ခေါင်းကိုက်ခြင်းနှင့် မူဝေခြင်း လက္ခဏာများဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ပုံမှန်သွေးပေါင်ချိန်စစ်ဆေးရန် လိုအပ်ပါသည်။ သွေးတိုးရောဂါကို မြန်မြန်မကုသဘဲထားပါက ဖြစ်ပေါ်လာနိုင်သောရောဂါများထဲမှ ကျောက်ကပ်ပျက်စီးခြင်းအကြောင်းကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

👉သွေးတိုးရောဂါသည် သာမန်အားဖြင့် ပုံမှန်ထက်ပိုမြင့်မားသော သွေးဖိအားဖြစ်ပါသည်။ သွေးဖိအားသည် လူတစ်ယောက်နှင့်တစ်ယောက် လုပ်ဆောင်မှုအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်မရှိသူများ၊ ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုပုံစံများနှင့် အစားအသောက်များစားသုံးသူများ၊ ဆီးချိုရောဂါရှိသူများ၊ အဝလွန်သူများ၊ ကိုယ်ဝန်ဆောင်များသည် သွေးတိုးခြင်းကိုဖြစ်စေနိုင်ပါသည်။

သွေးတိုးရောဂါ (ရှိ/မရှိ) ကို ဘယ်လိုသိရှိနိုင်မလဲ❓

မိမိတွင် သွေးတိုးရောဂါ (ရှိ/မရှိ) ကို သိရှိစေနိုင်သည့်နည်းလမ်းမှာ သွေးဖိအား(သွေးပေါင်ချိန်) တိုင်းတာခြင်းဖြစ်ပါသည်။ ထိုနည်းလမ်းသည် အမြန်ဆုံးနှင့် နာကျင်မှုမရှိသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

သွေးပေါင်ချိန်တိုးခြင်းသည် ကျောက်ကပ်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ

သွေးတိုးရောဂါသည် ကျောက်ကပ်ပျက်စီးရခြင်း၏ အဖြစ်အများဆုံးအကြောင်းအရင်းများအနက်တစ်ခုဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ သွေးဖိအားမြင့်ခြင်းသည် သွေးကြောများကိုထိခိုက်စေနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ သွေးဖိအားကိုမထိန်းချုပ်နိုင်လျှင် ကျောက်ကပ်ပတ်လည်တွင်ရှိသော သွေးလွှတ်ကြောများ ကျဉ်းမြောင်းအားနည်းသွားစေနိုင်ပြီး သွေးကြောများကိုပျက်စီးသွားစေနိုင်ပါသည်။ ထိုသို့ပျက်စီးသွားသောသွေးလွှတ်ကြောများသည် ကျောက်ကပ်တစ်ရှူးသို့ သွေးအလုံအလောက် မပို့ပေးနိုင်ခြင်းကြောင့် –

✅Nephrons ဟုခေါ်သော ကျောက်ကပ်အတွင်းရှိ စစ်ထုတ်ယူနစ်များသည် လုပ်ဆောင်ရန်အောက်ဆီဂျင် (သို့မဟုတ်) အာဟာရဓာတ်လုံလောက်စွာမရရှိခြင်း၊

✅ကျောက်ကပ်သည် ဆီးအတွင်းရှိ အဆိပ်အတောက်များ၊ အညစ်အကြေးများနှင့် အပိုအရည်များအားလုံးကိုထိရောက်စွာမဖယ်ရှားနိုင်ခြင်း၊

✅ကျောက်ကပ်ရှိ သွေးကြောများပျက်စီးလာသည်နှင့်အမျှ နောက်ဆုံးတွင် ကျောက်ကပ်ပျက်စီးခြင်းသို့ ဦးတည်သွားနိုင်ပါသည်။ လူတစ်ဦး၏ကျောက်ကပ် အလုပ်လုပ်ခြင်းရှိမရှိကို စစ်ဆေးရန် သွေးနှင့် ဆီးစစ်ဆေးမှုများကို အသုံးပြုနိုင်ပါသည်။

သွေးတိုးရောဂါကြောင့်ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ရန်

သွေးတိုးရောဂါကြောင့် ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်နိုင်ရန်အတွက် လူနေမှုပုံစံကို ပြောင်းလဲခြင်း၊ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားခြင်း (တစ်နေ့လျှင် မိနစ် ၃၀ ခန့် တစ်ပတ်လျှင် ၅ ရက်)၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ ဆား၊ အချိုမှုန့် နှင့် အရက်ကို အကန့်အသတ်ဖြင့်စားသုံးခြင်း၊ ကျန်းမာသောအစားအစာများကို စားသုံးခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ စိတ်ဖိစီးမှုကင်းအောင်နေခြင်း၊ လိုအပ်ပါကသွေးပေါင်ချိန်ကို ထိန်းညှိရန် သတ်မှတ်ထားသော ဆေးဝါးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ပါသည်ခင်ဗျာ။

👉👉ထို့ကြောင့်ကျန်းမာရေးကောင်းပြီး အသက်ရှည်စွာနေထိုင်ရန်နှင့် မလိုလားအပ်သောရောဂါများ မဖြစ်ပေါ်လာနိုင်ရန်အတွက် အသံတိတ်လူသတ်သမားဟုခေါ်သော သွေးတိုးရောဂါကို ဂရုစိုက်သင့်ပြီး မိမိတွင် သွေးတိုးရောဂါရှိသည်ဟု သံသယရှိပါကစောစီးစွာကုသမှုခံယူသင့်ပြီး လုံးဝမပေါ့ဆသင့်ကြောင်းဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

More Health Info⇐