သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ပြောကြားချက်အရ သွေးတိုးခြင်းသည် လေဖြတ်ခြင်း၏ အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟုဆိုထားပါသည်။ အသံတိတ်လူသတ်သမားဟုခေါ်သော သွေးတိုးရောဂါကို မကုသဘဲထားပါက လေဖြတ်ခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်အားနည်းခြင်းများအပြင်အခြားမလိုလားသောရောဂါများကိုဖြစ်စေနိုင်ကာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် သွေးတိုးခြင်းကြောင့်ဖြစ်ပေါ်လာသောရောဂါများထဲမှ လေဖြတ်ခြင်းအကြောင်းကို ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်သည်ခင်ဗျာ။

သွေးတိုးခြင်းကြောင့်လေဖြတ်ခြင်းဆိုတာဘာလဲ

သွေးတိုးရောဂါသည် သွေးကြောနံရံများဆီသို့ သွေး၏တွန်းအား တသမတ်တည်း မြင့်မားလွန်းနေသည့် ဆေးဘက်ဆိုင်ရာရောဂါအခြေအနေတစ်ခုဖြစ်ပါသည်။ သွေးလွှတ်ကြောများသည် နှလုံးမှ အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ခန္ဓာကိုယ်၏ကျန်အစိတ်အပိုင်းများသို့ သယ်ဆောင်ပေးသည် သွေးကြောများဖြစ်ပါသည်။ ထိုသွေးကြောများသည် ဦးနှောက်၏အစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှုပြတ်တောက်သွားသောအခါ လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါသည်။ သွေးတိုးရောဂါသည် လေဖြတ်ခြင်း၏အဓိကအန္တရာယ် ဖြစ်စေသောအချက်တစ်ချက်ဖြစ်ပါသည်။ ထို့ကြောင့် သွေးတိုးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သော လေဖြတ်ခြင်း (၂) မျိုးကိုဖော်ပြပေး လိုက်ပါသည်။

Ischemic Stroke – လေဖြတ်ခြင်း၏ (၈၀%) သည် ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပေါ်လာသည်ဟု လေ့လာမှုများကဖော်ပြနေပါသည်။ ဦးနှောက်ထဲတွင်ရှိသောသွေးကြောထဲမှာ သွေးခဲခြင်း၊ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးကြောထဲမှ အဆီအခဲများ၊ သွေးခဲများသည် ဦးနှောက်သွေးကြောကို လာပိတ်သည့်အတွက်ကြောင့် လေဖြတ်ရခြင်းဖြစ်ပါသည်။

Hemorrhagic Stroke – သွေးပေါင်ချိန်မြင့်မားခြင်းသည် ဦးနှောက်အတွင်းရှိသွေးကြောနံရံများကို အားနည်းစေပြီး သွေးကြောများပေါက်ထွက်နိုင်ပါသည်။ ရုတ်တရက်သွေးကြောပေါက်ခြင်းကြောင့် ဦးနှောက်တစ်ရှူးများသေဆုံးပြီး လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါသည်။ ဦးနှောက်သွေးကြောပေါက်၍လေဖြတ်ခြင်းသည် ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သည်။

သွေးတိုးရောဂါလက္ခဏာများ

သွေးတိုးရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မူးဝေခြင်း၊ ရင်ဘက်အောင့်ခြင်းတို့ဖြစ်ပါသည်။ သွေးတိုးခြင်းသည် လေဖြတ်ခြင်းနှင့် နှလုံးဖောက်ခြင်းအပါအဝင် ဆိုးရွားသောကျန်းမာရေးပြဿနာများကိုခံစားရနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါသည်။

လူတစ်ဦးတွင်သွေးတိုးရှိမရှိကို ပုံမှန်အားဖြင့် သွေးပေါင်ချိန်ခြင်းဖြင့် သိရှိနိုင်ပါသည်။ သွေးပေါင်ချိန်ခြင်းကို (mmHg) ဖြင့်တိုင်းတာနိုင်ပြီး ပုံမှန်သွေးပေါင်ချိန်မှာ 120/80 mmHg ဝန်းကျင်ဖြစ်ပြီး 130/80 mmHg ထက် ဆက်တိုက်မြင့်ပါက ဆေးကုသမှုခံယူသင့်ပါသည်။

လေဖြတ်ခြင်း၏လက္ခဏာများ

မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တွင် ထုံကျင်ခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ သူတစ်ပါးစကားပြောရာတွင် နားလည်ရန်ခက်ခဲခြင်း၊ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် အမြင်အာရုံ ပြဿနာများဖြစ်တတ်ခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း၊ လမ်းလျောက်ရန်ခက်ခဲခြင်း၊ သတိလစ်မေ့မြောခြင်း (သတိပြန်ရချိန်တွင် ဖြစ်ပျက်သမျှကို သတိမရခြင်း စဉ်းစား၍မရခြင်း)၊ အကြောင်းအရင်းမသိဘဲ ပြင်းထန်စွာခေါင်းကိုက်ခြင်းတို့ခံစားရပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ပါသည်။ အကယ်၍အခြားလူတစ်ဦး လေဖြတ်နေသည်ဟု သံသရရှိပါက လေဖြတ်ခြင်းလက္ခဏာများကို FAST နည်းဖြင့်လည်း သိရှိပြီးကူညီနိုင်ပါသည်။ (F) Face drooping မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ (A) Arm weakness လက်မြှောက်၍မရခြင်း၊ (S) Speech difficulties စကားပြောရန်ခက်ခဲခြင်း၊ ဗလုံးဗထွေးဖြစ်ခြင်း တို့ဖြစ်ပေါ်က (T) Time to call အချိန်နှင့်တပြေးညီဆေးရုံပို့ဆောင်ရန် လုပ်ဆောင်ခြင်းတို့ဖြစ်ပါသည်။

လူနေမှုပုံစံပြောင်းလဲပါ

ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း(ဥပမာ – ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကျန်းမာသောကိုယ်အလေးချိန်ကိုရရှိနိုင်ပြီး အဝလွန်ခြင်းကြောင့်ဖြစ်ပေါ်လာသောရာဂါများနှင့် သွေးတိုးရောဂါကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။)၊ မျှတသော အစားအသောက်များကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း စားသောက်ခြင်း၊ ဆိုဒီယမ်စားသုံးမှုကို လျှော့ချခြင်း (ဆိုဒီယမ်စားသုံးမှုကိုလျှော့ချခြင်းသည် ၄ ပါတ်အတွင်း သွေးပေါင်ချိန်ကို တဖြည်းဖြည်းလျော့ကျသွားကြောင်းလေ့လာမှုများကဖော်ပြနေပါသည်။)၊ နာတာရှည် စိတ်ဖိစီးမှုများခြင်းသည်သွေးတိုးခြင်းကို ဖြစ်စေနိုင်သောကြောင့် စိတ်ဖိစီးမှုလျော့ကျစေရန် နေထိုင်ခြင်း(ဥပမာ – တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ စိတ်ကိုပျော်ရွှင်စေရန် ဝါသနာပါသော အပန်းဖြေခြင်းများကို ဆောင်ရွက်ခြင်း)၊ ကဖိန်းဓာတ် စားသုံးမှုကိုလျှော့ချခြင်း (ကဖိန်းဓာတ် အလွန်အကျွံစားသုံးခြင်းသည် သွေးပေါင်ချိန်ကို ယာယီမြင့်တက်စေနိုင်ပါသည်။)၊ လုံလောက်စွာအိပ်စက်ခြင်း (အိပ်ရေးပျက်ခြင်းသည် သွေးပေါင်ချိန်ကို မြင့်မားစေနိုင်သောကြောင့် ကျန်းမာရေးနှင့်အညီ အိပ်ဆက်ရန်အရေကြီးပါသည်။) အရက်သောက်ခြင်းကို ကန့်သတ်ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့ပါဝင်သည်။

သွေးပေါင်ချိန်ကို ဂရုစိုက်ပါ

ပုံမှန်သွေးပေါင်ချိန်ကို စစ်ဆေးခြင်းသည် သွေးပေါင်ချိန်ကိုထိန်းထားမည်ဖြစ်ပြီး သွေးတိုးခြင်းကြောင့်ဖြစ်ပေါ်လာ သောလေဖြတ်ခြင်းကို လျှော့ချနိုင်ပြီး အခြားကျန်းမာရေးကို ထိခိုက်စေနိုင်သော ရောဂါများကိုကာကွယ်နိုင်မည်ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်မှုရှိသောကြောင့် သွေးတိုးရှိနေပြီဆိုလျှင်၊ လူနေမှုပုံစံပြောင်းလဲမှုများနှင့်ဆေးကုသမှုများသည် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါသည်။ အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ဆေးဝါးဆိုင်ရာကုသမှုများကို သိသိသာသာ ပြောင်းလဲမှုများမပြုလုပ်မီ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူနှင့် အမြဲတိုင်ပင်သင့်ပါသည်ခင်ဗျာ။

👉👉ထို့ကြောင့်သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးကျန်းမာရေးပြဿနာများနှင့် အခြားအသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောရောဂါလက္ခဏာများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

More Health Info⇐