၃၂ နှစ်တာ ခရီးရှည်ကြီးရဲ့ အသီးအပွင့်ဟာ ဒီနေ့မှာတော့ အာဆီယံအဆင့် ဂုဏ်ယူမှုတစ်ခုအဖြစ် ဝေဆာလာခဲ့ပါပြီ။ ၁၉၉၄ ခုနှစ်က စတင်ခဲ့တဲ့ ခြေလှမ်းတိုင်းဟာ လူနာတစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုကို နှလုံးသားနဲ့ ခံယူဖို့ဆိုတဲ့ ကတိကဝတ်တွေနဲ့ တည်ဆောက်ထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရဲ့ Morgan Tower စင်မြင့်ထက်မှာ ဗဟိုရ်စည်ဆေးရုံ Managing Director ဒေါက်တာဦးစန်းထင်အောင် “ASEAN Best Sustainable Business Model of the Year 2026” ဆုကို တက်လှမ်းယူနေတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့အားလုံးရဲ့ ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ မှတ်တိုင်တစ်ခုထက်ပိုတဲ့၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ၃၂ နှစ်တာ သမိုင်းကြောင်း (Legacy) ကို ကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့ ဂုဏ်ပြုမှတ်တမ်းတစ်ခုပါပဲ။
ခေတ်အဆက်ဆက် ဆေးရုံကြီးကို ပခုံးထမ်းတင်ပေးခဲ့ကြတဲ့ အုပ်ချုပ်ရေးအဖွဲ့ လူကြီးမင်းတွေရဲ့ မေတ္တာနဲ့ အမျှော်အမြင်တွေဟာ ကျွန်တော်တို့ ခရီးဝေးလျှောက်နိုင်ဖို့ လမ်းပြပေးခဲ့တဲ့ မီးပြတိုက်တွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ “ ငါ” ကြောင့်မဟုတ်ဘဲ “ ငါတို့” ကြောင့်ရလာတဲ့ စုပေါင်းအောင်မြင်မှုပါ။ ပင်ပန်းနွမ်းနယ်တဲ့ အခိုက်အတန့်တိုင်းမှာ ဘေးနားကနေ မညီးမငြူ အစစအရာရာ Support ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတို့ရဲ့ စိတ်ထားဟာ ကျွန်တော့်တို့တွေ အားလုံးအတွက်တော့ ဘယ်ဆေးဆိုင်မှာမှ ဝယ်လို့မရတဲ့ အကောင်းဆုံးသော “အားဆေး” တွေပါပဲ။ သင်တို့ရဲ့ လက်တစ်စုံဟာ လူနာတွေအတွက်တော့ ဘုရားပေးတဲ့ ဆုလာဘ်တွေ ဖြစ်သလို၊ ဒီဆေးရုံကြီးရဲ့ တကယ့်ကျောရိုးတွေလည်း ဖြစ်ပါတယ်။
ဒီနေ့ ရရှိတဲ့ဆုဟာ ကျွန်တော်တို့ကို ဂုဏ်တက်စေရုံတင်မဟုတ်ဘဲ “ ဒီထက်ပိုပြီး ကောင်းအောင်လုပ်ဖို့” တာဝန်ပေးလိုက်တဲ့ ခေါင်းလောင်းသံတစ်ခုလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဟာ ဆုတံဆိပ်တွေ မဟုတ်ပါဘူး။
“လူသားအားလုံး ကျန်းမာစေချင်သည် – ဗဟိုရ်စည်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကို လက်တွေ့သက်သေပြဖို့ အရင်ကထက် ပိုနူးညံ့တဲ့ စကားလုံးတွေ၊ ပိုမိုနွေးထွေးတဲ့ အပြုံးတွေနဲ့ လူသားတွေကို အတူတူ ကျန်းမာရေးစောင့်ရှောက်မှု ပေးကြရအောင်ပါ။ သင်တို့ရဲ့ ပေးဆပ်မှုတိုင်းကို နှလုံးသားထဲကနေ လေးစားဂုဏ်ပြုသလို၊ ရှေ့ဆက်မယ့် ခရီးစဉ်တွေမှာလည်း လူနာတွေရဲ့ အားကိုးရာ “ ဗဟိုရ်စည်ဆေးရုံ” အဖြစ် အတူတူ လက်တွဲသွားကြပါစို့။ 

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။





















