Bahosi Fertility Centre
Call Us: 09-255055204, 09-750229221, 09-750229222
အမျိုးသားသုတ်ရည်ကို အမျိုးသမီးသားအိမ်အတွင်းထည့်သွင်း သန္ဓေအောင်စေသောနည်း (IUI)
အဆိုပါနည်းသည် အမျိုးသမီး သားဥကြွေချိန်တွင် အမျိုးသား၏သုတ်ပိုးများထဲမှ လှုရှားမှုအများဆုံးနှင့် ကျန်းမာသန်စွမ်းသော သုတ်ပိုးများကို ရွေးချယ်ပြင်ဆင်ပြီး သားအိမ်တွင်းသို့ အချိန်ကိုက် ထည့်ပေးသောနည်းဖြစ်ပါသည်။ အောင်မြင်မှုရာခိုင်နှုန်းမှာ (၁၂)မှ (၁၅)ရာခိုင်နှုန်းရှိပါသည်။ တစ်နှစ်အတွင်း အကြိမ်များစွာကြိုးစားပါက (၅၀)ရာခိုင်နှုန်းအထိအောင်မြင်မှုရရှိနိုင်ပါသည်။ ဤနည်းတွင် အမျိုးသား၏သုတ်ပိုးစံချိန်မှီရန်နှင့် အမျိုးသမီး၏ သားဥပြွန်များ ပုံမှန်ဖြစ်နေရန်လိုအပ်ပါသည်။
(IUI) လုပ်ဆောင်နည်းအဆင့်ဆင့်
- အဆင့် ၁ – ဆေးကုသမှု သားဥဖွံ့ဖြိုးစေသော ဟော်မုန်းဆေးများကို သောက်ဆေး (သို့) ထိုးဆေးပုံစံဖြင့် အသုံးပြုခြင်းဖြင့် မ မျိုးဥ ပိုမိုထွက်စေရန်
- အဆင့် ၂ – ၎င်းကုထုံးတွင် မမျိုးဥအခြေအနေကို မိန်းမကိုယ်တွင်းမှကြည့်သော တယ်လီဗေးရှင်းဓါတ်မှန်နှင့် ကြည့်ရှုရန်လိုအပ်ပါသည်။
- အဆင့် ၃ – မမျိုးဥကြွေချိန်တွင် အမျိုးသားသုတ်ရည်ထဲမှ အရည်အသွေးကောင်း၍ လှုပ်ရှားမှုအကောင်းဆုံး သုတ်ပိုးများကို ဓါတ်ခွဲခန်းတွင် ရွေးချယ်၍ သားအိမ်အတွင်းသို့ ထည့်သွင်းပေးပါသည်။
- အဆင့် ၄ – (၂ပတ်)အကြာတွင် ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးနိုင်ပါသည်။
ခန္ဓာကိုယ်သားအိမ်ပြင်ပ၌ မျိုးအောင်စေသောနည်းဖြင့် သားသမီးရယူခြင်း (IVF – Invitro Fertilization)
IVF နည်းကို ဖန်ပြွန်သန္ဓေသားနည်းဟုခေါ်ပါသည်။ ကမ္ဘာပေါ်တွင်ပထမဆုံးသော ဖန်ပြွန်သန္ဓေသားကို ၁၉၇၈ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ကာလအထိ ဖန်ပြွန်သန္ဓေနည်းဖြင့် မွေးဖွားသန့်စင်ခဲ့သော ကလေးငယ်ပေါင်း ရှစ်သန်းခန့်ရှိနေပြီဖြစ်ပါသည်။ ၎င်းနည်းဖြင့် လုပ်ဆောင်ရာတွင် မမျိုးဥနှင့် အိမ်ထောင်ဖက်အမျိုးသား၏ သုတ်ပိုးကို ဓါတ်ခွဲခန်းတွင် သန္ဓေအောင်စေပြီး သန္ဓေသားလောင်းကို အမျိုးသမီး၏ သားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ဆောင်စေသောနည်းဖြစ်ပါသည်။ ဖန်ပြွန်သန္ဓေသားနည်း၏ အောင်မြင့်မှုရာခိုင်နှုန်းမှာ ၃၅% မှ ၄၀% အထိရှိပါသည်။ အောင်မြင်မှုရာခိုင်နှုန်းမှာ အသက်အရွယ်၊ အိမ်ထောင်ပြုပြီး ကလေးရရန်ကြန့်ကြာနေသောနှစ်၊ ယခင်အသုံးပြုခဲ့သော သားဥအိမ်လှုံ့ဆော်သောဆေးများ သုံးစွဲခဲ့မှုရာဇဝင်များနှင့် အမျိုးသမီးသာဥအိမ်ရောဂါ အခြေအနေများနှင့်သက်ဆိုင်ပါသည်။
ဖန်ပြွန်သန္ဓေသားပြုလုပ်ပုံ အဆင့်အဆင့်
- ဆေးဝါးကုထုံး (သားဥအိမ်လှုံ့ဆော်သော ဟော်မုန်းဆေးများအသုံးပြုခြင်း) ပုံမှန်အနေအထားအရ မမျိုးဥသည်(၁)လလျှင်(၁)လုံး (သို့မဟုတ်) (၂)လုံးသာ ဖွံ့ဖြိုးပါသည်။ သားဥအိမ် လှုံ့ဆော်သောဆေးများအသုံးပြုခြင်းဖြင့် မမျိုးဥများစွာ တစ်ချိန်ထဲတွင် ဖွံ့ဖြိုးလာပြီး၊ သားသမီးရရန် အခွင့်အလမ်းပိုများပါသည်။ ထို့ကြောင့် ထိုဟော်မုန်းဆေးများအားနေ့စဉ် (၉)ရက်၊ (၁၀)ရက်ခန့် ထိုးနှံရန် လိုအပ်ပါသည်။
- မမျိုးဥများဖွံ့ဖြိုးလာပုံကို မိန်းမကိုယ်တွင်းမှ ကြည့်ရှုစစ်ဆေးသော တီဗွီဓါတ်မှန်ဖြင့်စစ်ဆေးပြီး ဟော်မုန်းဆေးထိုးသော ပမာဏကိုချင့်ချိန်၍ ဆေး၏ဘေးထွက်ဆိုးကျိုးများမဖြစ်ပေါ်စေရန်ကာကွယ်ခြင်း။
- မမျိုးဥထုတ်ယူခြင်း ၎င်းအဆင့်တွင် အချိန်တိုမေ့ဆေးကို (၁၀)မိနစ်မှ (၂၀)မိနစ်ခန့်ပေး၍ မိန်းမကိုယ်တွင်းမှ ကြည့်ရှုသော တီဗွီဓါတ်မှန်ဖြင့်ကြည့်ရှုပြီး မမျိုးဥအိမ်မှ မမျိုးဥများကိုစုပ်ယူပါသည်။ ၎င်းအဆင့်ကို သားဥကြွေဆေးထိုးပြီး (၃၄)နာရီမှ (၄၀)နာရီ အကြာတွင်ပြုလုပ်ရပါသည်။
- အမျိုးသားထံမှသုတ်ရည်ကိုရယူခြင်း (မမျိုးဥထုတ်ယူသောနေ့တွင်ပင် အမျိုးသာထံမှ သုတ်ပိုးပေးရန် လိုအပ်ပါသည်။)
- သန္ဓေအောင်စေခြင်း – မမျိုးဥနှင့် အမျိုးသားသုတ်ပိုးများကို အထူးစီမံပြုလုပ်ထားသော ဆေးရည်(Media)ထဲတွင် အတူတကွထားပြီး သန္ဓေအောင်စေပါသည်။ နောက်နေ့တွင် သန္ဓေသားလောင်း၏ အခြေအနေကို သားလောင်းဗေဒပညာရှင်မှ စစ်ဆေးပါသည်။ နောက်ရက်များတွင် သန္ဓေသားလောင်း ဖွံ့ဖြိုးမှုကိုစစ်ဆေး၍ သားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းရမည်ရက်ကို သားဖွားမီးယပ်အတိုင်ပင်ခံ ဆရာဝန်ကြီးမှ သတ်မှတ်ပါသည်။
- အရည်အသွေးအကောင်းဆုံးသော သန္ဓေသားလောင်းများအား ဝမ်းဗိုက်ပေါ်မှ တီဗွီဓါတ်မှန်ဖြင့် သားအိမ်အတွင်းအမြှေအား ကြည့်ရှု၍သားအိမ်အတွင်းသို့ နေရာတကျထည့်ပေးပါသည်။ ပိုနေသော သန္ဓေသားလောင်းများအား နောက်နောင်တွင် အသုံးပြုရန်အတွက် အေးခဲ၍သိမ်းဆည်းထားပါသည်။
- ကိုယ်ဝန်ခိုင်စေရန် လိုအပ်သော ဟော်မုန်းဆေးများအား သောက်ဆေး၊ ထိုးဆေး၊ မိန်းမကိုယ်တွင်သို့ ထည့်သောဆေးတောင့်များဖြင့် အထောက်အပံ့ပေးပါသည်။
- သန္ဓေသားလောင်းအား ပြန်လည်ထည့်သွင်းပြီး (၁၄) ရက်အကြာတွင် ကိုယ်ဝန်ရှိ/ မရှိ စစ်ဆေးရပါသည်။
မမျိုးဥတွင်းသို့ သုတ်ပိုးတိုက်ရိုက်ထိုးသွင်းသန္ဓေအောင်စေနည်း (ICSI-Intracytoplasmic Sperm Injection)
၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သော ICSI နည်းသည် အမျိုးသားဘက်မှအခက်အခဲရှိသူများအတွက် ပိုမိုကောင်းမွန်သောနည်းအဖြစ် ကျော်ကြားလာပါသည်။ ထိုနည်းစနစ်သည် အနုကြည့်မှန်ပြောင်းအောက်တွင် သုတ်ပိုးတစ်ကောင်ချင်းကို အလွန်သေးငယ်သော အပ်တစ်ချောင်းဖြင့် ကောက်ယူ၍ မမျိုးဥအတွင်းသို့ တိုက်ရိုက်ထိုးသွင်းပြီး သန္ဓေအောင်စေသောနည်းဖြစ်ပါသည်။ ပြုလုပ်ပုံအဆင့်ဆင့်မှာ ဖန်ပြွန်သန္ဓေနည်းအတိုင်း အဆင့် (၄)အထိ တူညီပါသည်။ သန္ဓေအောင်သော အဆင့်တွင်သာ သားလောင်းဗေဒပညာရှင်မှ မမျိုးဥထဲသို့ သုတ်ပိုးတစ်ကောင်အားထိုးသွင်း၍ သန္ဓေအောင်စေပါသည်။ သန္ဓေအောင်ပြီးသော သန္ဓေသားလောင်းများအား သားအိမ်အတွင်းပြန်လည်ထည့်ပြီး သန္ဓေခိုင်ဆေးများ ထောက်ပံ့ပေးခြင်းနှင့် ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးသော အဆင့်များမှာ ဖန်ပြွန်သန္ဓေသားနည်းနှင့် တူညီပါသည်။
အမျိုးသား၏ကပ်ပယ်အိတ်အတွင်းရှိ အသားစမှ သုတ်ပိုးထုတ်ယူ၍ အမျိုးသမီး၏ မမျိုးဥနှင့်သန္ဓေအောင်စေသောနည်း။ (TESE-Testicular Sperm Extraction)
TESE နည်းသည် အမျိုးသားသုတ်ရည်တွင် သုတ်ကောင်မပါသောအမျိုးသားများအတွက် လုပ်ဆောင်သောနည်းဖြစ်ပါသည်။ TESE နည်းသည် အချိန်တိုမေ့ဆေးပေး၍ လုပ်ဆောင်ရပါသည်။ (BFC ဆေးခန်းတွင်ပင် လုပ်ဆောင်ပါသည်။) TESE နည်းသည် ကယ်ပယ်အိတ်အတွင်းရှိ အသားစအား အသေးစားခွဲစိတ်မှုပြုလုပ်၍ ထုတ်ယူပြီး သားလောင်းဗေဒပညာရှင်မှ ၎င်းအသားစအတွင်းရှိ သုတ်ပိုးများအား အနုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှု၍လှုပ်ရှားနိုင်သောသုတ်ပိုးများအား ရွေးချယ်သန့်စင်စေပါသည်။ ၎င်းသုတ်ပိုးရှင်များအား ဖန်ပြွန်သန္ဓေသားလုပ်ငန်းစဉ်တွင် အသုံးပြုရန် အေးခဲသိမ်းဆည်းထားပါသည်။ ဖန်ပြွန်သန္ဓေသားပြုလုပ်ချိန်တွင် ၎င်းသုတ်ပိုးများအား မမျိုးဥအတွင်းသို့ တိုက်ရိုက်ထိုးသွင်းသော ICSI နည်းဖြင့် သန္ဓေအောင်စေပါသည်။
သုတ်ပိုးအေးခဲသိမ်းဆည်းခြင်း (Sperm Freezing)
သုတ်ရည်ထဲတွင်(သို့မဟုတ်)အမျိုးသားအင်္ဂါမှရရှိသောအသားစထဲတွင်ပါဝင်သည့် သုတ်ပိုးအရှင်များအား ကြိုတင်၍ အေးခဲသိမ်းဆည်းထားခြင်းဖြင့် နောင်တစ်ချိန်တွင် Assisted Reproductive Technique (ART) နည်းဖြင့် သားသမီးရယူရန်ကြိုးစားနိုင်ပါသည်။ သုတ်ပိုးရေးခဲသိမ်းဆည်းရန် သုတ်ပိုး၏ စံချိန်စံညွှန်းနှင့် ရင်သွေးယူမည့် ဇနီးမောင်နှံစုံတွဲတို့၏ ရွေးချယ်မှုအပေါ်မူတည်ပြီး ART နည်းများဖြစ်သော IUI-Intrauterine Insemination (သို့မဟုတ်) IVF-Invitro Fertilization (သို့မဟုတ်) ICSI Intracytoplasmic Sperm Injection စသည်တို့မှ သင့်လျော်သောနည်းဖြင့် ရင်သွေးရယူရန်ကြိုးစားနိုင်ပါသည်။ သုတ်ပိုးအေးခဲသိမ်းဆည်းရာတွင် အမျိုးသားနှင့် အမျိုးသမီး လိင်မဆက်ဆံဘဲ ၂-ရက် (သို့မဟုတ်) ၃-ရက် ရှောင်ပြီးမှ ထုတ်သော သုတ်ရည်ဖြစ်ရန်လိုအပ်ပါသည်။
သုတ်ပိုးသိမ်းဆည်းထားသင့်သောအခြေအနေများ
- ခရီးရက်ရှည်ထွက်နေရသည့် အမျိုးသားများ (သို့မဟုတ်) အမျိုးသမီးအား Treatment procedure ပြုလုပ်မည့်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် သုတ်ရည်လာရောက်ထုတ်မပေးနိုင်သည့် အမျိုးသားများ၊
- Treatment procedure ပြုလုပ်မည့်နေ့တွင် သုတ်ရည်ထုတ်ရန်ခက်ခဲသည့်အမျိုးသားများ၊
- သုတ်ပိုးအလွန်အားနည်းသောအမျိုးသားများ (သို့မဟုတ်) ရံဖန်ရံခါမှသာ သုတ်ရည်ထဲတွင် သုတ်ပိုးအရှင်လေးများပါတတ်သော အမျိုးသားများ၊ (ထိုအမျိုးသားများသည် Treatment backup plan အဖြစ်ကြိုတင်၍ သုတ်ပိုးများကို အေးခဲသိမ်းဆည်းထားသင့်ပါသည်။ )
- သုတ်ရည်ထဲတွင် သုတ်ပိုးလုံးဝမပါရှိသော အမျိုးသားများသည် အမျိုးသားအင်္ဂါထဲမှ အသားစထဲတွင် သုတ်ပိုးအရှင်လေးများရှာဖွေတွေ့ရှိပါက ICSI နည်းဖြင့် သားသမီးရယူရန်အတွက် ကြိုတင်သိမ်းဆည်းထားသင့်ပါသည်။
- IVF-ICSI ပြုလုပ်မည့်နေ့တွင် အမျိုးသားအင်္ဂါထဲမှ အသားစထုတ်ယူပြီး ရရှိသည့်သုတ်ပိုးများအား CISI နည်းဖြင့် အမျိုးဥနှင့် ပေါင်းစပ်ပြီးနောက်ပိုလျှံသော သုတ်ပိုးများအား အေးခဲသိမ်းဆည်းထားခြင်း၊
- Hypothalamic-pituitary hypogonadism ရှိသော အမျိုးသားများ gonadotrophin (ဟော်မုန်း) ကုသမှုခံယူပြီး သုတ်ရည်ထဲ၌ သုတ်ပိုးများပါလာပါက အေးခဲ၍သိမ်းဆည်းထားခြင်း၊
- Fertility Preservation ပြုလုပ်လိုသောအမျိုးသားများ၊ (ကင်ဆာ ကုထုံးခံယူမည့်အမျိုးသားများသည် နောင်တစ်ချိန်တွင်မိမိ၏ ရင်သွေးရယူရန်ရည်ရွယ်ထားပါက ကုသမှုကုထုံးမခံယူမီ ကြိုတင်၍ မိမိ၏သုတ်ပိုးများကို အေးခဲသိမ်းဆည်းထားခြင်း။)
- * Retrograde Ejaculation Case ဖြစ်သော အမျိုးသားမျာ၊း (သုတ်ပိုးများသည် သုတ်ရည်ထဲ၌မပါရှိဘဲ ဆီးထဲမှသုတ်ပိုးများအား ရွေးချယ်သန့စင်ပြီး အေးခဲသိမ်းဆည်းထားခြင်း။)
- Reference: WHO laboratory manual for the examination and processing of human semen (Sixth Edition)
သန္ဓေသားလောင်းများ အေးခဲသိမ်းဆည်းခြင်း၊ (Embryo Freezing)
- ဖန်ပြွန်သန္ဓေသားကုထုံးတွင် အသုံးပြုပြီးပိုနေသော သန္ဓေသားလောင်းများကိုလည်း နောက်နောင်တွင် အသုံးပြုရန်အတွက် အေးခဲသိမ်းဆည်းထားနိုင်ပါသည်။
- ထိုကဲ့သို့ သိမ်းဆည်းထားခြင်းဖြင့် သားသမီးရယူမည့်စုံတွဲများသည် ဖန်ပြွန်သန္ဓေသားကုထုံး Procedure ကိုအစမှ အဆုံး ပြန်လည်လုပ်ဆောင်ရန်မလိုအပ်တော့ပေ။
- ထိုအပြင် အချို့သောအမျိုးသမီးများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖန်ပြွန်သန္ဓေသားကုထုံးပြုလုပ်သည့် Fresh cycle တွင် သန္ဓေသားလောင်းပြန်ထည့်ရန် မဖြစ်နိုင်သောအခြေအနေရှိနိုင်ပါသည်။ ဤကဲ့သို့အခြေအနေများတွင်လည်း ရရှိလာသောသန္ဓေသားလောင်းအားလုံးအား အေးခဲ၍ သိမ်းဆည်းထားနိုင်ပါသည်။
အေးခဲသိမ်းဆည်းထားသောသန္ဓေသားလောင်းများအား သားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်း၍ သန္ဓေအောင်စေနည်း၊ (Frozen Embryo Transfer)
- ဤနည်းသည် သန္ဓေအောင်ပြီး အေးခဲသိမ်းဆည်းထားသောသန္ဓေသားလောင်းများအား မိခင်၏သားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ရစေသောနည်းဖြစ်ပါသည်။
- ဤနည်းဖြင့် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆက်လက်ကြိုးစားပါက အောင်မြင်မှုရာခိုင်နှုနး ၆၀% မှ ၈၀% ထိတက်လာနိုင်ပါသည်။
သန္ဓေသားလောင်းအား Blastocyst အဆင့်တွင် မိခင်သားအိမ်တွင်းပြန်လည်ထည့်ပေးခြင်း၊ (Blastocyst Transfer)
- IVF နည်းပညာ၏ အစပိုင်းကာလတွင် သန္ဓေသားလောင်းအား သန္ဓေအောင်ပြီး (၂)ရက်မှ (၃)ရက်အကြာ ဆဲလ်(၂)ခုမှ (၈)ခုထိဖြစ်လာချိန်တွင် မိခင်သားအိမ်အတွင်းပြန်လည်ထည့်သွင်းပေးပါသည်။ ဆန်းသစ်လာသောနည်းပညာများအရ Blastocyst Transfer နည်းစနစ်တွင် သန္ဓေသားလောင်းအား ဓါတ်ခွဲခန်းတွင် (၅)ရက်ခန့် ကြီးထွားစေပြီး ဆဲလ် တစ်ရာခန့် ရောက်လာသောအချိန်တွင်မှ ပြန်လည်ထည့်သွင်းပါသည်။
- သန္ဓေသားလောင်းအား Blastocyst အဆင့်တွင် ပြန်လည်ထည့်သွင်းပါက ကိုယ်ဝန်ရရှိနိုင်ခြေ ပိုမိုမြင့်မားစေပါသည်။ သို့သော်အချို့ သန္ဓေသားလောင်းများမှာ Blastocyst အဆင့်မရောက်မီ ပျက်စီးသွားတတ်ပါသည်။
Assisted Hatching
Assisted Hatching ဆိုသည်မှာ မိခင်၏သားအိမ်အတွင်းသို့ သန္ဓေသားလောင်းအား ပြန်မထည့်မီ သန္ဓေသားလောင်း၏ အပြင်ဘက်ဆုံးအလွှာကို လေဆာဖြင့် အပေါက်ငယ်ဖြစ်အောင် ပြုလုပ်ပေးပြီးမှ မိခင်၏သားအိမ်အတွင်း၌ သန္ဓေသားလောင်းကပ်တွယ်မှုကို ပိုမိုကောင်းမွန်စေ၍ မည်သည့်ဆိုးကျိုးကိုမှ မဖြစ်စေနိုင်ပါ။
