မင်္ဂလာပါခင်ဗျာ
ဗဟိုရ်စည်ဆေးရုံကြီးတွင် ဆယ်စုနှစ် နှစ်ခုကြာ နှစ်ရှည်စွာ ယခုလက်ရှိအချိန်ထိ ရောဂါဗေဒဓါတ်ခွဲစစ်ဆေး ဌာနတွင် တာဝန်ကျေပွန်စွာ လက်တွဲလုပ်ကိုင်နေသော (Supervisor Phlebotomist) အစ်မဒေါ်အိမွန်စိုးအား ဝန်ထမ်းလုပ်သက် နှစ်(၂၀) ပြည့်မြောက်သည့်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ မိသားစုဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
မင်္ဂလာပါ အစ်မနာမည်ကတော့ ဒေါ်အိမွန်စိုးဖြစ်ပါတယ်။ ဗဟိုရ်စည်ဆေးရုံ၏ ရောဂါဗေဒဓါတ်ခွဲစစ်ဆေး ဌာနမှာ ၁.၉.၂၀၀၁ ခုနှစ်မှ စတင်ကာ (Lab Receptionist) ရာထူးဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိဆိုရင် နှစ်(၂၀)ကျော်ရှိပါပြီ။ ယခုအခါတွင် Supervisor Phlebotomist ရာထူးဖြင့် တာဝန်များထမ်းဆောင်လျက်ရှိပါ တယ်။ Junior, Senior, Supervisor Phlebotomist ရာထူးတာဝန်များဖြင့် တိုးမြှင့်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး ရာထူးအဆင့်ဆင့်တိုင်းတွင်လည်း ရုံးတွင်းစည်းကမ်းသတ်မှတ်ချက်များ၊ ဌာနတွင်းစည်းကမ်းသတ်မှတ် ချက်များ၊ SOP, JD, JS များကိုလည်း ကောင်းမွန်စွာ လေ့လာသင်ယူလိုက်နာခဲ့ပါတယ်။
အစ်မအနေနဲ့ လက်ရှိ Supervisor Phlebotomist ရာထူးဖြင့် တာဝန်ထမ်းဆောင်ရတဲ့ လုပ်ငန်းပိုင်းတွေကတော့ ဝန်ထမ်းအသစ်များကို Fresher Training ပေးတာတွေ၊ လိုအပ်ချက်ရှိတဲ့ ဝန်ထမ်းများကို Refreshment Training ပေးတာတွေ၊ Phlebotomy နဲ့ပတ်သက်ပြီး Training ပေးတာ၊ ဌာနအတွင်းစည်းကမ်းသတ်မှတ်တာ၊ လုပ်ငန်းခွင်လိုအပ်ချက်ပေါ်မူတည်ပြီး SOPs, JD, JS များကို သက်ဆိုင်ရာ Section အလိုက်သတ်မှတ်ပေးတာ၊ စည်းကမ်းပိုင်းဆိုင်ရာလိုအပ်ချက်များကို ဝန်ထမ်းများလိုက်နာမှုရှိမရှိ ကြီးကြပ်ဆောင်ရွက်ပေးတာ၊ လစဉ် CME, HSE များကို ဦးဆောင် ဆောင်ရွက်ပေးတာ၊ လူနာလူနာရှင်များ Customer များ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးတာတွေ၊ ဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ် ချက်များကို ဖြည့်စွက်ပေးတာတွေ၊ လုပ်ငန်းလိုအပ်ချက်များရှိရင်လည်း အထက်လူကြီးများကို တင်ပြ ညှိနှိုင်း ဆောင်ရွက်တာတွေ၊ အချိန်နှင့်တစ်ပြေးညီ Reporting ပြုလုပ်တာတွေ စတဲ့လုပ်ငန်းပိုင်းများကို ဆောင်ရွက် လျက်ရှိပါတယ်။
၁.၉.၂၀၀၁ ခုနှစ်မှ စပြီးအလုပ်သင်(အစမ်းခန့်) အနေဖြင့်စတင်ဝင်ရောက်စဉ်ကတည်းက မိမိ၏ အထက်အရာရှိ များ၊ လုပ်ဖော်ကိုင်ဖက်များမှ နွေးထွေးပျူငှာစွာ ကြိုဆိုခြင်းခံခဲ့ရပါတယ်။ လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ် အတွင်းမှာလည်း Senior ဝန်ထမ်းများက တတ်ကျွမ်းထားသော အသိပညာ အတတ်ပညာများကို အိတ်သွန် ဖာမှောက် ဆရာစားမချန်သင်ကြားပို့ချခြင်းကိုလည်း ကောင်းမွန်စွာ လက်ခံရရှိခဲ့ပြီး ဖြစ်လေ့ဖြစ်ထရှိသော အမှား များ၊ ဖြစ်လာနိုင်သောအမှားများကိုလည်း ကြိုတင်လေ့လာခွင့်ရရှိခဲ့ပါတယ်။ မိသားစုသဖွယ် ဆက်ဆံရေးတွင် အထက်လူကြီးများက မိဘများသဖွယ်၊ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများက ညီရင်းအစ်ကို မောင်ရင်းနှမများ သဖွယ် နွေးထွေးညီညွတ်သော ဆက်ဆံရေးမျိုး စေတနာမျိုးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့်ရခဲ့ ခြင်းဟာလည်း လုပ်ငန်းခွင်ပျော်ရွှင်ရခြင်း၏ အခြေခံအုတ်မြစ်များဖြစ်ပါတယ်။ ယခုလက်ရှိ အစ်မကိုယ်တိုင် Supervisor Phlebotomist ရာထူးဖြင့်တာဝန်ထမ်းဆောင်နေရချိန်တွင်လည်း ရှေးယခင်များကဲ့သို့ပင် ဆောင်ရွက်ချက်များကို စံနမူနာယူပြီး စည်းကမ်းပြည့်ဝသော၊ နာခံတတ်သော၊ သင်ယူတတ်သောဝန်ထမ်းများ ဖြစ်စေရန် မိမိ၏ လက်အောက်ဝန်ထမ်းများကို လုပ်ငန်းခွင်ပျော်ရွှင်စေရန် ခေါင်းဆောင်ပီသစွာ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။
ရောဂါဗေဒဓါတ်ခွဲစစ်ဆေးဌာနဆိုသည်မှာ လူနာများ၏ ရောဂါအခြေအနေ အခြေခံအရင်းမြစ်များကို သေချာစွာ သိရှိစေရန်၊ ဖြစ်ပေါ်လာနိုင်သော ရောဂါများကို ကြိုတင်ကာကွယ်တားဆီးစေနိုင်ရန်အတွက် တိကျသေချာသော အဖြေများကို အချိန်မှန်၊ အဖြေမှန်စစ်ဆေးပေးနေသော ဌာနတစ်ခုဖြစ်ပါတယ်။ Lab Reception Department ဆိုသည်မှာလည်း ယင်းကဲ့သို့ ရောဂါဗေဒဓါတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် Sample Collection ကဲ့သို့သော Pre-Analytical State များတွင် အမှားအယွင်းမရှိ၊ ရာနှုန်းပြည့်မှန်ကန်မှုရှိစေရန်အတွက် သတ်မှတ် စည်းကမ်းချက်များကို တိကျစွာ လိုက်နာပြီးလူနာများ၏ အကျိုးကျေးဇူးအား ရှေးရှုလျက် ကြိုးစားဆောင်ရွက် နေသော ဌာနဖြစ်ပါတယ်။ လူနာများအနေဖြင့်ရရှိသော အဖြေမှန်များကြောင့် ရောဂါကုသခြင်း၊ ကြိုတင် ကာကွယ်ခြင်းများတွင် ထိရောက်သောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး ဆေးရုံကြီး၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို စိတ်ချယုံကြည်စွာ အားကိုးလက်ခံလာအောင် ဆောင်ရွက်ပေးနေပါ တယ်။
ဆေးရုံသည် ဝန်ထမ်းများ၏ လိုအပ်ချက်များအပေါ်စည်းကမ်းချက်များနှင့်အညီ အစဉ်အမြဲထောက်ပံ့ ပေးလျက် ရှိပါတယ်။ ဝန်ထမ်းအခြေခံလစာအပြင်၊ ရက်မှန်ကြေး၊ ထောက်ပံ့ကြေးနှင့် လုပ်ငန်းကျေပွန်မှုဆိုင်ရာ အပိုဆုကြေးများ လစဉ်ပေးအပ်သလို ရာထူးတိုးသင့်တိုးထိုက်သော ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အမြန်ဆုံးတိုးမြှင့်ရာထူးခန့်အပ်ပေးလေ့ရှိပါတယ်။ လုပ်ငန်းခွင်တွင် အနည်းဆုံး လိုအပ်ချက်များကိုလည်း မဖြစ်မနေဖြည့်တင်းပေးလျက်ရှိပြီး လုပ်ငန်းတိုးချဲ့မှုအပေါ်မူတည်၍လည်း ထပ်တိုး ဝန်ထမ်းများခန့်အပ်ပေးပါတယ်။ ကိုဗစ်ကာလတွင်လည်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဂျူတီများ လျှော့ပေါ့ဆွဲစေခြင်း၊ ကိုဗစ်ထောက်ပံ့ကြေးပေးခြင်း၊ ခွင့်ပေးခြင်းကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက် ပေးခဲ့ပြီး ကျန်းမာရေးအာမခံလည်းထားပေးပါတယ်။ ဝန်ထမ်းများ တာဝန်ယူနေသောဌာနအလိုက် အသိပညာ အတတ်ပညာတိုးပွားစေရန် CME, HSE များလစဉ်စီစဉ်ပေးပြီး ပြင်ပမှဆရာများခေါ်၍ သင်တန်းပို့ချခြင်း၊ ဝန်ထမ်းများကိုပြင်ပသင်တန်းကျောင်းများသို့ ပေးပို့စေလွှတ်၍ သင်ယူစေခြင်းတို့အပြင် လိုအပ်ပါက နိုင်ငံခြား သို့ စေလွှတ်၍သင်တန်းတက်စေခြင်းစသည်တို့ကို စီစဉ်ဆောင်ရွက်ပေးပါတယ်။ သင်တန်း တက်ရောက်စေရုံ တင်မကဘဲ တတ်သိနားလည်သော အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်ပြန်လည် အသုံးချစေနိုင်ရန်၊ လုပ်ငန်းတိုးတက်မှုတွင် အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သောလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပါတယ်။ ဌာနတွင်လိုအပ်ချက်များအရ နည်းပညာလိုအပ်ချက်၊ ဝန်ထမ်းအင်အားလိုအပ်ချက်၊ Analyzer Instrument & Other Accessories လိုအပ်ချက်များကိုလည်း ကျိုးကြောင်းဆီလျော်စွာ ဖြည့်တင်းပေးလျက်ရှိပြီး လုပ်ငန်းခွင် တိုးတက်မှုကို အစဉ်တစိုက် ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဝန်ထမ်းများကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာတွင်လည်း အခမဲ့အစီအစဉ်များ၊ Discount အစီအစဉ်များဖြင့် ဝန်ထမ်းများအား လျှော့ပေါ့ပေးသလို တစ်လုံးတစ်ခဲတည်း ကုန်ကျမှုများကိုလည်း စည်းကမ်းချက်များနှင့်အညီ လစာထဲမှနုတ်ယူခွင့်ကိုလည်း စီစဉ်ပေးထားပါတယ်။
ရာထူးကြီးစဉ်ငယ်လိုက် အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စုပေါင်းညီညွတ်စွာ ပူးပေါင်းဆောင် ရွက်နိုင်မှုများရှိလျှင်၊ တစ်ကိုယ်ရည် မိမိတို့၏ Career Life, Family Life တိုးတက် တည်ငြိမ်မှုရှိလျှင် လုပ်ငန်းခွင်ပျော်ရွှင်မှုရှိသည်ဟူသော စကားကို စံနမူနာယူကာ ကြီးသူကလည်း ကြီးသူအလျောက်၊ ငယ်သူက လည်း ငယ်သူအလျောက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ ဝန်ထမ်းအချင်းချင်း မိသားစု ဆက်ဆံရေးလိုတည်ဆောက်ခြင်း၊ လမ်းညွှန်ပြသဆုံးမခြင်း၊ တစ်ဦးစေတနာတစ်ဦးမြင်တတ်စေခြင်း၊ ဝန်ထမ်း များတင်မဟုတ်ဘဲ မိမိတို့ပေးနေသောဝန်ဆောင်မှုကို ရယူနေသောလူနာ၊ လူနာရှင်များ၊ Customer များ၏ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပျော်ရွှင်မှုများကိုလည်း တန်ဖိုးထားခြင်းသည် မိမိတို့၏ စိတ်ချမ်းသာ ပျော်ရွှင်မှု ကဲ့သို့ပင်ဖြစ်သည်ဟု ခံယူချက်များဖြစ်ပေါ်စေရန် ဆိုဆုံးမခြင်း၊ ယင်းကဲ့သို့ ခံယူချက်ဖြင့် ဝန်ဆောင်မှုပေးခြင်း စသည့်အချက်အလက်များကြောင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်ပျော်ရွှင်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက် လျက်ရှိပါတယ်။
ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ မိသားစုသဖွယ် ၂၀နှစ် ကြာ တာဝန်ထမ်းဆောင်နေသော အစ်မ ဒေါ်အိမွန်စိုး(Supervisor Phlebotomist) အား ဗဟိုရ်စည်ဆေးရုံ ကြီးက ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် တာဝန်များဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။
“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4504, 4505, 4001, 4002, 4010
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com