သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ
သွေးလွန်တုပ်ကွေးရောဂါသည် Aedes Aegypti ခြင်နှင့် Aedes Albopictus ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သော (Dengue Virus) ကြောင့်ဖြစ်ပွားသည့် အပူပိုင်းဒေသရောဂါတစ်မျိုးဖြစ်ပါသည်။ ပုံမှန်ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း ကြွက်သားနှင့်အဆစ်များတွင် နာကျင်ခြင်းတို့ဖြစ်တတ်ပါသည်။ သွေးလွန်တုပ်ကွေးနှင့် တုပ်ကွေးမိဖျားနာခြင်းလက္ခဏာများသည် အစောပိုင်းတွင်ဆင်တူမှုရှိပြီး အဖျားရက်ရှည်လာပါက သွေးလွန်တုပ်ကွေးလက္ခဏာ သိသိသာသာပြလာနိုင်ပါသည်။ ပုံမှန်ရာသီ အကူးအပြောင်းတွင်ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့် ကွာခြားမှုမရှိသောကြောင့် ဖျားလျှင်ဂရုစိုက်သင့်ပြီး အဖျားရက်ရှည်လျှင် လုံးဝမပေါ့ဆသင့်ကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
🦟သွေးလန်တုပ်ကွေးလက္ခဏာများမှာ
သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever) လက္ခဏာများမှာ- ကိုယ်ပူကြီးခြင်း၊ ဖျားခြင်း၊ ခေါင်း ကိုက်ခြင်း၊ မျက်စိမျက်ရိုးကိုက်ခြင်း၊ အဆစ်အမြစ် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ နုံးချိအားနည်းခြင်းတို့ ဖြစ်ပါသည်။
 
သွေးလန့်ခြင်း (Dengue Shock Syndrome) လက္ခဏာများမှာ- ခန္ဓာကိုယ်တွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီရောင် အညိုရောင်အမျှင်အဖတ်များပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓကိုယ်တွင် သွေးခြေဥကဲ့သို့ အနီကွက်များထွက်ခြင်း၊ ရုတ်တရက်ဗိုက်အောင့်လာခြင်း၊ အရမ်းမှိန်းလာခြင်း၊ ၃ရက်မှ ၅ရက်အတွင်းအဖျားကြီးရာမှ ရုတ်တရက် အဖျားကျကာခြေဖျား လက်ဖျားများအလွန်အမင်းအေးစက်ခြင်း၊ သွေးပေါင်အလွန်ကျခြင်း၊ အစားအရေမဝင်နိုင် အောင်အဆက်မပြတ်အန်ခြင်း၊ ကိုယ်အပူချိန် ကျဆင်းသွားပြီးမှိန်း၍အိပ်နေလျှင် အန္တရာယ်ရှိသော အခြေအနေဖြစ် နိုင်ပါသည်။ ထို့ကြောင့်အထက်ပါလက္ခဏာတစ်ခုခုတွေ့ရှိပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင် ပြသသင့်ပါသည်။
 
🛡🛡သွေးလွန်တုပ်ကွေးမဖြစ်အောင်ကာကွယ်ပါ
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သောနည်းလမ်းဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးမဖြစ်အောင် ခြင်မကိုက်အောင်နေခြင်းသည် အကောင်းဆုံးကာကွယ်နည်းဖြစ်ပါသည်။ ယခုလိုစိုစွတ်သော မိုးရာသီတွင် ခြင်ကျားပိုးလောက်လန်းသည် ရေကြည်ရေသန့် ရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာဟောင်းများထဲတွင် အလွယ်တကူ ပေါက်ဖွားနိုင်ခြင်းကြောင့် မိမိအိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်သော နေရာများမရှိစေရန် ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းအားလုံးကို စနစ်တကျစွန့်ပစ်ပြီး ခြင်ခိုအောင်းနိုင်သောနေရာများကို ရှင်းလင်းသင့်ပါသည်။ မိမိတို့ အိမ်ရှိရေစည်ရေအိုးများပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပုံမှန်လုပ်ဆောင်သင့်ပြီး မိမိပတ်ဝန်းကျင်ကို ဂရုတစိုက် သန့်ရှင်းအောင် ဆောင်ရွက်သင့်ပါသည်။ ထို့အပြင်ခြင်ကျားသည် နေ့ဘက်တွင်ပိုကိုက်တတ်သောကြောင့် ဂရုစိုက် သင့်ပြီး ဘယ်အချိန်ဘဲအိပ်အိပ် ခြင်ထောင်ဖြင့်အိပ်သင့်ပါသည်။
 
ဘယ်လိုလူတွေအဖြစ်များသလဲ
သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်အဖြစ်များပြီး ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးမှုများကိုပါ ဖြစ်စေနိုင်ပါသည်။ ကလေးများဖျားပြီဆိုလျှင် သွေးလွန်တုပ်ကွေးရောဂါကို သတိလက်လွတ် မဖြစ်ဖို့အကြံပြုအပ်ပါသည်ခင်ဗျာ။ ကလေးများတွင် ငွေ့ငွေ့လေးဖျားခြင်းမျိုးမဟုတ်ဘဲ အဖျားကြီးပြီးသုံးရက်ဆက်တိုက်ဖျားခြင်းနှင့် သွေးလန့်သောလက္ခဏာများရှိပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ပြသင့်ပြီး သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် စစ်ဆေးပြီး ကုသ သင့်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါသည် အသက်(၁၅)နှစ်အောက်တွင် အများဆုံးဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ် ကျား/မ မရွေး တောရောမြို့ပါ နေရာမရွေး ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်ပါသည်။ တစ်နှစ်ပတ်လုံးကူးစက်နိုင်ပြီး ယခုလိုမိုးရာသီတွင် အဖြစ်များဆုံးဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး ပထမအကြိမ် ဖြစ်ဖူးသူများတွင် နောက်တစ်ကြိမ်ဖြစ်လျှင် ပိုမိုဆိုးရွားတတ်သောကြောင့် အထူးသတိထားရန်လိုအပ်ပြီး ဖြစ်ပြီး ပါကလည်း ပြန်ဖြစ်နိုင်သည့်အတွက် မပေါဆသင့်သည့် ရောဂါဖြစ်ပါသည်။
 
👉👉ထို့ကြောင့်သွေးလွန်တုပ်ကွေးရောဂါသည် အသက်အန္တရာယ်ရှိသည့်ရောဂါဖြစ်သောကြောင့် လူကြီးလူငယ်မရွေး သွေးလွန်တုပ်ကွေး သံသယရှိပါက ဆေးရုံဆေးခန်းများသို့ ချက်ချင်းသွားရောက်ပြသသင့်ပါသည်ခင်ဗျာ။
💉💉ရာသီတုပ်ကွေးကာကွယ်ဆေးထိုးချင်သောမိဘပြည်သူများအတွက်လည်း မြန်မာ FDA မှတ်ပုံတင်ရှိပြီး Cold Chain ဖြင့်စနစ်တကျ သိမ်းဆည်းထားသော (၂၀၂၃)ခုနှစ်မိုးရာသီအတွက် ပြင်သစ်နိုင်ငံထုတ် လေးမျိုးစပ် တုပ်ကွေး ကာကွယ်ဆေး Vaxigrip Tetra 2023 (Influenza Vaccine) ကို ဗဟိုရ်စည်ဆေးရုံကြီးတွင်ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။📣📣📣 
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com